Thursday, July 24, 2014

အပါးလွှာဆုံးဖုန်း Huawei Ascend P7 ကျပ်လေးသိန်းနီးပါးဖြင့် ရောင်းမည်


မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ Huawei က လက်ရှိ အပါးလွှာဆုံးဖုန်းအဖြစ် သတ်မှတ်ထားခံရသည့် Ascend P7 စမတ်ဖုန်းကို ကျပ်လေးသိန်း နီးပါးဖြင့် ရောင်းချမည် ဖြစ်ကြောင်း Huawei Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mr. Roson Luo က ပြောကြားသည်။

“P7 ကို ၃၉၉,၀၀၀ ကျပ်နဲ့ ဝယ်လို့ရပါပြီ။ 4G LTE စနစ်သုံးနိုင်တဲ့ ဖုန်းပါ” ဟု ၎င်းကဆိုသည်။

Ascend P7 စမတ်ဖုန်းသည် လက်ရှိတွင် ကမ္ဘာ့အပါးလွှာဆုံး ဖုန်းဖြစ်ပြီး iPhone 5S (၇ ဒသမ ၆ မီလီမီတာ) နှင့် Galaxy S5 (၈ ဒသမ ၁ မီလီမီတာ) တို့ထက် ပိုမိုပါးလွှာကာ ၆ ဒသမ ၅ မီလီမီတာ သာထူကြောင်း Huawei ကုမ္ပဏီထံမှ သိရသည်။

“ဈေးနှုန်းကတော့ လက်ခံနိုင်စရာပါ။ ဒါပေမဲ့ အရင် P6 တုန်းက ရောင်းရပေမယ့် ဘက်ထရီက အရမ်းပူလို့ နောက်ပိုင်း လူတွေက သိပ်သဘော မကျတော့ဘူး။ အခုထွက်တဲ့ Galaxy S5 အပါအဝင် ဖုန်းအမြင့်တွေလည်း ဒီအတိုင်းပဲ။ ဘက်ထရီတွေက တော်တော်ပူတယ်။ P7 လည်းပူရင် လူတွေ သိပ်ကြိုက်ကြမယ် မထင်ဘူး” ဟု မရမ်းကုန်းမြို့နယ်ရှိ Mobile Heart မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ ဦးသီဟကိုက ဆိုသည်။

Huawei စမတ်ဖုန်းများသည် မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားဖြစ်ပြီး ဈေးကွက်၏ ၄၅ ရာခိုင်နှုန်းခန့် ရှိကြောင်း ပြည်တွင်း မိုဘိုင်းလ်ဖုန်းဆိုင်ရာ စစ်တမ်းများအရ သိရသည်။

No comments:

Post a Comment