Sunday, August 24, 2014

MPTက ဖုန်းခေါ်ဆိုခကို တစ်မိနစ် အနည်းဆုံး ကျပ် ၂၀ မှ အများဆုံး ကျပ် ၅၀ အတွင်းသာ သတ်မှတ်ကောက်ခံရန် စီစဉ်နေပြီး အင်တာနက်အသုံးပြုခကိုလည်း လက်ရှိဈေးထက်မပိုသည့်နှုန်းဖြင့်သာ ကောက်ခံရန်စီစဉ်နေ

DSC_3723
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ပြည်တွင်းမိုဘိုင်းဖုန်းခေါ်ဆိုခနှုန်းထားများ ပြောင်းလဲသတ်မှတ်ရာတွင် ကနဦးသတင်းများအရ တစ်မိနစ်လျှင် အနည်းဆုံး ကျပ် ၂ဝ မှ အများဆုံး ကျပ် ၅ဝ အတွင်း၌သာ သတ်မှတ်ကောက်ခံရန် စီစဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
MPT အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်မှုအရ ပြည်တွင်းမိုဘိုင်းဖုန်းခေါ်ဆိုခများကို ပြောင်းလဲသတ်မှတ်ကောက်ခံရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းခေါ်ဆိုခမှာ နံနက် ၇ နာရီမှ ည ၁၁ နာရီအချိန်အတွင်း တစ်မိနစ် ကျပ် ၅ဝ ပုံသေနှုန်းဖြင့်လည်းကောင်း၊ သုံးစွဲမှုနည်းပါးသော ည ၁၁ နာရီမှ နံနက် ၇ နာရီကြားအချိန်၌သာ တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့်လည်းကောင်း သတ်မှတ်ကောက်ခံခြင်း ဖြစ်သည်။
ယခု ပြောင်းလဲကောက်ခံရန် စီစဉ်နေသည့် အနေအထားအရဆိုပါက မိုဘိုင်းဖုန်းအထွက်ခေါ်ဆိုခကို တစ်မိနစ်အနည်းဆုံး ကျပ် ၂ဝ မှ အများဆုံး ကျပ် ၅ဝ အတွင်းသာ သတ်မှတ်ကောက်ခံမည်ဖြစ်သည့်အတွက် ဖုန်းခေါ်ဆိုခမှာ လက်ရှိထက် ထပ်မံသက်သာမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။
ပြည်တွင်း ဖုန်းခေါ်ဆိုခအပြင် SMS ပေးပို့ခနှင့် အင်တာနက်အသုံးပြုခနှုန်းထားများကိုလည်း ပြောင်းလဲကောက်ခံရန်စီစဉ်နေကြောင်းနှင့် လက်ရှိတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများထံ ခွင့်ပြုချက်တောင်းခံထားကြောင်း သိရသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ SMS ပေးပို့ခအဖြစ် တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း၊ လက်ရှိတစ်စောင် ၂၅ ကျပ်အစား SMS တစ်စောင်လျှင် ၁ဝ ကျပ် မှ ၂၅ ကျပ်အတွင်းသာ ပြောင်းလဲသတ်မှတ်ကောက်ခံရန် စီစဉ်နေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အင်တာနက်အသုံးပြုခအနေဖြင့် လက်ရှိတွင် 2G အတွက် တစ်မိနစ် နှစ်ကျပ်၊ 3G အတွက် တစ်မိနစ် လေးကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
အင်တာနက်အသုံးပြုခအား ပြောင်းလဲသတ်မှတ်ကောက်ခံရာတွင်မူ လက်ရှိကျင့်သုံးနေသည့် Time Base ဖြင့် ဆက်ကောက်မည်ဆိုပါက လက်ရှိဈေး 2G အတွက် တစ်မိနစ် နှစ်ကျပ်၊ 3G အတွက် တစ်မိနစ် လေးကျပ်နှုန်းထက် မပိုသော နှုန်းထားဖြင့်သာ သတ်မှတ်ကောက်ခံရန် စီစဉ်ထားခြင်းဖြစ်သည် ဟု သိရသည်။
အင်တာနက်အသုံးပြုခအား Volume Base ဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေကြောင်းကိုလည်း မြန်မာ့ဆက်သွယ်ရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
အင်တာနက် အသုံးပြုခအပြင် လက်ရှိ အင်တာနက် ကနဦးတပ်ဆင်ခ ကျပ် ၁ဝဝဝဝ ကောက်ခံနေမှုကိုလည်း ပြင်ဆင်ပြောင်းလဲရန် စီစဉ်နေပြီးနောက်ပိုင်းတွင် အင်တာနက် ကနဦးတပ်ဆင်ခ ကျပ် ၁ဝဝဝဝ ကို လုံးဝ ကောက်ခံခြင်းမပြုတော့ဘဲ အခမဲ့တပ်ဆင်ခွင့်ပေးရန် စီစဉ်နေသည်ဟု သိရသည်။
အူရီဒူးမှ လက်ရှိ ကောက်ခံနေသည့်နှုန်းများမှာ ပြည်တွင်းဖုန်းခေါ်ဆိုခ အူရီဒူးဖုန်းအချင်းချင်းဆိုပါက တစ်မိနစ် ၂၅ ကျပ်၊ အခြားဖုန်းများသို့ခေါ်ဆိုပါက တစ်မိနစ် ၃၅ ကျပ် ကောက်ခံလျက်ရှိကြောင်း၊ SMS တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြင့်ကောက်ခံနေပြီး အင်တာနက် အသုံးပြုခအဖြစ် 1MB လျှင် ၂၅ ကျပ် (Package ဈေးမဟုတ်ပါ) ကောက်ခံလျက်ရှိသည်။

3ခုတပြိုင်တည်းအားသွင်းမယ်

cover
Samsung မှ အသစ်ထုတ်လုပ်လိုက်တဲ့ USB Cable ဖြစ်ပါတယ်။ ဖုန်း /Tablet ကဲ့သို့သော Micro USB အသုံးပြု Device သုံးခုကိုတစ်ပြိုင်နက် အားသွင်းနိုင်မယ့် USB Cable ဖြစ်ပါတယ်။

Samsung ကထုတ်လုပ်တဲ့ ဖုန်း/Tablet တွေအတွက် အဓိကရည်ရွယ်တာဖြစ်ပြီး Micro USB port အသုံးပြုထားတဲ့ အခြား Device တွေမှာလည်း ဒီ USB Cable ကိုအသုံးပြုနိင်မှာပါ။

ဒီ USB Cable လေးကို Samsung က “Multi-Charging Wall Charger” လို့အမည်ပေးထားပြီး ဒေါ်လာ ၄၀ ဖြင့်ရောင်းချပေးသွားမယ်လို့သိရပါတယ်။

တာဝါတိုင် ဆောက်ရေး အော်ရီဒူး အခက်ကြုံ

oo
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာလိုင်စင် ရထားပြီး မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွေ ပေးနေတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ ဆက်သွယ်ရေး ကွန်ရက်အတွက် တာဝါတိုင်တွေ ထောင်ရာမှာ အခက်အခဲတွေ အများကြီး တွေ့နရတယ်လို့ တာဝါတိုင်ထူရေးမှာ ဖက်စပ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်အပါအ၀င် နယ်မြို့တွေမှာ တာဝါတိုင် စိုက်ထူရေး အခက်အခဲကြောင့် ကွန်ရက်အတွင်း လိုင်းမမိတဲ့ ပြသနာတွေ ရှိနေပြီး သုံးစွဲသူတွေရဲ့ အပြင်းအထန် ဝေဖန်မှုကိုလည်း ခံနေရပါတယ်။
နယ်တွေမှာဆိုရင် တာဝါတိုင် စိုက်ထူမယ့်ကိစ္စနဲ့ အစိုးရရဲ့ မြေအမျိုးအစား ၁၀ မျိုးထက်မက ခွဲခြားထားတဲ့ ပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး ရန်ကုန်မှာတော့ အဆောက်အဦတွေပေါ် တာဝါတိုင်တင်မယ့်ကိစ္စ စည်ပင်သာယာအဖွဲ့ရဲ့ အမျိုးမျိုးအကျပ်ကိုင်တာ ခံရတယ်လို့ သူက ဆိုပါတယ်။ ဒါမျိုး ကုမ္ပဏီ အနေနဲ့ အရင်က မကြုံခဲ့ဖူးဘူးလို့ အော်ရီဒူးကုမ္ပဏီ တာဝန်ရှိသူတယောက်ကလည်း ဒီဗွီဘီကို ပြောပါတယ်။

iPhone 5 များ၏ Battery ကိုပြန်လည်လဲလှယ်တပ်ဆင်ပေးသည့်အစီအစဉ်အား Apple ပြုလုပ်ပေးမည်

iPhone-5-Battery-Replacement
စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 တွေရဲ့ Battery များမှာ ဘက်ထရီအားအလျင်အမြန်ကုန်လွယ်ခြင်းနှင့်အခြား Error များဖြစ်ပွားနေတာကို Apple မှတရားဝင်အတည်ပြုလိုက်ပါပြီ။ ဒီအတွက် စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 များကို Apple မှ Battery အသစ်လဲလှယ်တပ်ဆင်ပေးမယ့်အစီအစဉ်ကို ၂၀၁၄ သြဂုတ်လ ၂၂ ရက်နေ့ကနေစတင်ပြီး ပြုလုပ်ပေးနေပြီလို့သိရပါတယ်။ Apple Retail Store ရှိတဲ့  မြို့ကြီးများ နဲ့ Apple အသိအမှတ်ပြု  Service Provider များထံမှာ အခမဲ့သွားရောက်လဲလှယ်တပ်ဆင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။
Error များဖြစ်ပေါ်နေသော iPhone 5 တွေရဲ့ Battery လဲလှယ်တပ်ဆင်မှုများကိုပြုလုပ်ရမယ့်သူများအနေဖြင့်
- မိမိတို့ရဲ့ ဖုန်းအတွင်းရှိ Data များကို Backup လုပ်ခဲ့ကြရန်
-”Find my iPhone” Feature ကို ပိတ်ခဲ့ကြရန်
-Settings > General > Reset > ထဲကိုဝင်၍ Erase all Content and Settings ကိုနှိပ်ပြီး ဖုန်းရဲ့ data & setting များကိုရှင်းလင်းထားရန်
Apple မှအသိပေးကြေညာထားသည်။

မိမိတို့ရဲ့ iPhone 5 က ပြသာနာရှိနေတဲ့ Battery များတပ်ဆင်ထားသော ဖုန်းစာရင်းထဲပါမပါသိနိုင်အတွက် အောက်က Link မှာ ၀င်ရောက်ပြီး ဖုန်း Serial Number ကိုရိုက်ထည့်ကာ Submit ကိုနှိပ်ပြီး စစ်ဆေးနိုင်တယ်လို့သိရပါတယ်။
https://ssl.apple.com/support/iphone5-battery/
iPhone 5 battery replacement
(ဖုန်းရဲ့ Serial Number ကိုသိရှိရန် Setting > General > About ထဲသို့ဝင်၍ Serial Number ကိုကြည့်ရှုနိုင်ပါတယ်)

ALS Ice Bucket Challenge ရဲ့ အကောင်းဆုံး စိန်ခေါ်မှုအဖြစ် Samsung က သူရဲ့ ပြိုင်ဘက်များကို စိန်ခေါ်

s5
လူ့ကျင့်ဝတ်တရားတွေ ကြီးမားတဲ့ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ အဲဒီလိုမျိုး လုပ်လိမ့်မယ်လို့ ဘယ်လိုမှ မမျှော်လင့်ထားခဲ့ပေမယ့် ယခုအချိန်မှာတော့ အဲဒါဟာ မေးခွန်းမေးစရာ ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Samsung ဟာ သူရဲ့ နောက်ဆုံးထုတ် Galaxy S5 ဖုန်းကို ရေခဲရေ လောင်းချခြင်းဖြင့် သူ့ရဲ့ အခြားပြိုင်ဘက် ဖုန်းကုမ္ပဏီတွေကို စိန်ခေါ်လိုက်တဲ့ အတွက် ဖြစ်ပါတယ်။ အဲဒိအတွက် ALS Ice Bucket Challenge ရဲ့ လူမှုရေးကူညီမှုအနေနဲ့ရော သူရဲ့ဖုန်း ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ပါ လုပ်လိုက်ဟန်တူပါတယ်။
ကုမ္ပဏီကနေ သူရဲ့ Galaxy S5 ဖုန်းပေါ်ကို ရေခဲရေတွေ လောင်းချပြီး စိန်ခေါ်လိုက်တဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထိုနောက် ဖုန်းထဲကနေ စက်ရုပ်တစ်ရုပ်ရဲ့ အသံပုံစံဖြင့် Apple, HTC နှင့် Nokia တို့ရဲ့ အမည်တွေကို ခေါ်ခဲ့ပါတယ်။ အမှန်တကယ်တော့ အဲဒိဖုန်းတွေဟာ ရေစိုခံနိုင်မှု နည်းပညာတွေ မပါဝင်ကြပါဘူး။
Samsung ရဲ့ တရားဝင် လူမှုရေးကူညီမှုကို ကူညီတဲ့အနေနဲ့ရော ဟာသတစ်ခုအနေနဲ့ပါ ပြုလုပ်လိုက်ဟန်တူပါတယ်။ အဲဒီဗီဒီယိုဖိုင်ကြောင့် ဘာတွေ ဖြစ်လာမယ်ဆိုတာ မသေချာပေမယ့် သူရဲ့ ပြိုင်ဘက်တွေအပေါ် အကောင်းဆုံး စိန်ခေါ်မှုတစ်ခုတော့ ဖြစ်စေခဲ့ပါတယ်။
Samsung ရဲ့ တာဝန်ရှိသူတွေကို အဲဒီ လူမှုရေးကူညီမှုအသင်းကို ဘယ်လောက် လှူဒါန်းခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြိး ဆက်သွယ်မေးမြန်းမှုကိုတော့ တာဝန်ရှိသူတွေက ဘယ်လောက်လှူဒါန်းတယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

အူရီဒူးကုမ္ပဏီက ယခုကောက်ခံထားသည့် အင်တာနက်နှုန်းထားများအား ပြန်လည်လျှော့ချကောက်ခံရန် စီစဉ်မည်

oo
အူရီဒူးကုမ္ပဏီက ယခုကောက်ခံထားသည့် အင်တာနက်နှုန်းထားများကို ပြန်လည်လျှော့ချ ကောက်ခံနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အူရီဒူးမြန်မာကုမ္ပဏီမှ သိရသည်။
အူရီဒူးကုမ္ပဏီမှ လက်ရှိတွင် ကောက်ခံထားသည့် အင်တာနက်နှုန်းထားများမှာ မြန်မာပြည်သူများအတွက် မြင့်မားသည့်နှုန်းထားများ ဖြစ်နေပြီး နိုင်ငံတကာတွင်ကောက်ခံသည့် နှုန်းထားများထက် အဆမတန်များနေသည့် အတွက်လည်း ဝေဖန်မှုများထွက် ပေါ်လာကြောင်း သိရသည်။
အဆိုပါအင်တာနက်နှုန်းထား မြင့်မားနေခြင်းနှင့်ပတ်သက်၍ အူရီဒူးမြန်မာဆက်သွယ်ရေး ကုမ္ပဏီသို့ မေးမြန်းရာတွင် “ အင်တာနက် Package ကိုပြောမယ်ဆိုရင် အဘက်ဘက်က လေ့လာပြီးတော့မှ ပြောမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ အခု ကျွန်တော်တို့က1MB ကို ၂၅ ကျပ်ကောက်တယ်။ 1GB ဆိုရင် ၁၂ဝဝဝ ကောက်တယ်။1GB မှာဆိုရင် 1024 MB ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ကFacebook အတွက် 20MB ကို အခမဲ့ပေးသုံး ထားတာတွေရှိတယ်။ ဒါတွေအကုန်လုံးခြုံပြီးတော့ ပြန်တွက်ကြည့်မယ်ဆိုရင်တော့1MB ကို ခုနစ်ကျပ်လောက်ပဲ ကျမယ်လို့ ထင်ပါတယ်။ အပြင်မှာ ဝေဖန်တာတွေနဲ့လည်း ပတ်သက်ပြီးတော့ ပြေလည်နိုင်အောင် ကျွန်တော်တို့ ပြန်ပြီးတော့ ဆောင်ရွက်မှာပါ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အင်တာနက်နှုန်းထားတွေကို လျှော့ချသွားဖို့ စီစဉ်မှာသွားမှာပါ” ဟု အူရီဒူးမြန်မာ ကုမ္ပဏီမှ အရောင်းဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်၏ ပြောကြားချက်အရ သိရသည်။
အူရီဒူး၏ အင်တာနက်အသုံးပြုခ သတ်မှန်နှုန်းထားမှာ နေ့စဉ် 30Mb အသုံးပြု ခြင်းအတွက် တစ်ရက်လျှင် ကျပ် ၅ဝဝ ပေး ဆောင်ရပြီး၊ တစ်ပတ်လျှင် 200Mb အသုံးပြုခြင်းအတွက် ကျပ် ၃ဝဝဝ၊ တစ်လလျှင် 1GB အသုံးပြုခြင်းအတွက် ကျပ် ၁၂ဝဝဝ၊ 2GBအသုံးပြုခြင်းအတွက် ၁၉ဝဝဝ ကျပ်၊ B5GB အသုံးပြုခြင်းအတွက် ၄၅ဝဝဝ ကျပ် နှင့် 10GB အသုံးပြုခြင်း တို့အတွက် ၇၉ဝဝဝ ကျပ်တို့ကို ကောက်ခံမည်ဖြစ်ပြီး facebook ကို သတ်မှတ်ပမာဏ တစ်ခုအထိ အခမဲ့သုံးစွဲနိုင်မည့် ပရိုမိုရှင်းအစီစဉ်များ ပါဝင်သော်လည်း အင်တာနက်နှုန်းထားများမှာ မြင့်မားနေကြောင်းကို အိုင်တီပညာရှင်အချို့နှင့် စမ်းသပ်သုံးစွဲသူများက ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရသည်။
“အူရီဒူးက ငွေရေးကြေးရေးခိုင်မာတဲ့ ကုမ္ပဏီတစ်ခုပါ။ ပြီးတော့လည်း နိုင်ငံတကာမှာ ဆက်သွယ်ရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံလည်းရှိတယ်။ ပြီးတော့ သူတို့မှာလည်း ပညာရှင်တွေရှိတယ်။ ဒါကြောင့်အခု ဖြစ်နေတဲ့ပြဿနာတွေ အမြန်ဆုံးပြေလည်အောင် ပြန်ပြီးတော့ ဖြေရှင်းပေးသွားမှာပါ” ဟုလည်း ၎င်း၏ပြောကြားချက်အရ သိရသည်။