
စက်တင်ဘာလအတွင်း ထွက်ရှိလာမယ့် တယ်လီနောဆင်းကတ်တွေမှာ နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်မယ့်စနစ် ပါဝင်လာမှာဖြစ်ပါတယ်။
တယ်လီနောဆင်းကတ်တွေကို 2 G၊ 3G စနစ် ၂ မျိုး နဲ့ ထုတ်လုပ်မှာဖြစ်ပြီး ဆင်းကတ်တိုင်းမှာ အင်တာနက်စနစ် ပါဝင်လာမှာဖြစ်ပါတယ်။
3 G စနစ်သုံး ဆင်းကတ်တွေမှာတော့ အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်မယ်လို့ တယ်လီနော် CEO ဖြစ်သူ Mr. Petter Furberg က ဒီဗွီဘီကို ပြောပါတယ်။
တယ်လီနောဆင်းကတ်တွေကို စက်တင်ဘာလအတွင်း ၁၅၀၀ ကျပ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
စစချင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ နေရာအနှံ့မှာ အသုံးပြုနိုင်ဖို့အတွက် အချိန်အနည်းငယ်ကြာဦးမယ်လို့ Mr. Petter Furberg က ဆိုပါတယ်။
“အခု ကျနော်တို့ အကြီးမားဆုံး ရင်ဆိုင်နေရတာကတော့ တာဝါတိုင်တွေ စိုက်ထူဖို့ပါပဲ။ ဒီလုပ်ငန်းစဉ်တွေအတွက် အစိုးရက ကူညီထောက်ပံ့မယ်ဆိုတာလည်း သံသယမရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အချိန်တိုလေးအတွင်း ထောင်နဲ့ချီတဲ့ တာဝါတိုင်တွေ စိုက်ဖို့ဆိုတာ မလွယ်ဘူးလေ။ ကျနော်တို့ ရည်မှန်းတာတော့ ဒီ ၅ နှစ်အတွင်းမှာ တာဝါတိုင် ၈ ထောင် စိုက်ထူဖို့ ဆိုပေမယ့် အစိုးရ၊ ပြီးတော့ ဒေသအာဏာပိုင်တွေရဲ့ တာဝါစိုက်ထူခွင့်ပြုမှုတွေ ရဖို့ကလည်း အချိန်တိုအတွင်းမှာ ရဖို့ ခက်ခဲတယ်လေ။”
မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူပေါင်း ၈ သန်း ရှိတယ်လို့ ခန့်မှန်းထားပြီး မြန်မာ့ဆက်သွယ်ရေးအပါအဝင် တယ်လီနောနဲ့ အော်ရီဒူးစတဲ့ ဆက်သွယ်ရေး အော်ပရေတာတွေဟာ ကြီးမားတဲ့ ဈေးကွက်ဝေစု ရရှိဖို့အတွက် ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။
No comments:
Post a Comment